
ကမ္ဘာမှာ အမျိုးသားရေးဝါဒကို အင်မတန်ဆိုးဝါးတဲ့ အယူအဆတစ်ခုလို မှတ်ယူထားကြတယ်။ အမျိုးသားရေးဝါဒဆိုတာ အသားအရောင် ဘာသာစကား ကိုးကွယ်ယုံကြည်မှု ဓလေ့စရိုက်တွေကို အခြေခံပြီး ညီညွှတ် ချစ်ခင်တတ်ကြတဲ့ စိတ်ကူးယဉ်တတ်ကြတဲ့ ဝါဒတစ်ခုလို အဓိပ္ပာယ်ဖွင့်ဆိုထားကြတယ်။ နောက်ဆုံး ကမ္ဘာ့စစ်ပွဲကြီးတွေတောင် အမျိုးသားရေးဝါဒ အစွန်းရောက်လွန်းတဲ့အတွက် ဖြစ်ရတယ်ဆိုပြီး အနောက်နိုင်ငံက ပညာရှင်တစ်ချို့ သုံးသပ်ကြပါတယ်။
တကယ်တော့ ကမ္ဘာစစ်တွေဟာ အနောက်နိုင်ငံတွေကနေပဲ စတင်ခဲ့တာ ဖြစ်ပြီးတော့ အခြားနိုင်ငံတစ်နိုင်ငံကို ကျူးကျော် စစ်ပွဲလုပ်ဆောင်နေကြတာလဲ အနောက်နိုင်ငံအုပ်စုတွေကပဲ အများဆုံးလုပ်ဆောင်ခဲ့တယ်ဆိုတာ အရှေ့အလယ်ပိုင်းနိုင်ငံတွေက မဝေးသေးတဲ့ သက်သေပြချက်တွေအဖြစ် မြင်နေ သိနေကြပါတယ်။
ကမ္ဘာနိုင်ငံကြီးတွေဟာ ဘယ်လောက်ခေတ်မှီတဲ့ နိုင်ငံရေးဝါဒတွေကို အခြေခံ ကျင့်သုံးပါစေ သူတို့နိုင်ငံရဲ့ အကျိုးစီးပွား သူတို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို အခြေခံပြီး ထိန်းကြောင်း မောင်းနှင်ကြပါတယ်။
နိုင်ငံရဲ့ အကျိုးစီးပွား နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဆိုတာလဲ တစ်နည်းအားဖြင့် အမျိုးသား အကျိုးစီးပွားပဲ ဖြစ်ပါတယ်။ ကိုယ့်အမျိုးသားရေးကိုပဲ ဦးထိပ်ပန်ဆင်ပြီး အခြားနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံ မိတ်ဖက်ပေါင်းသင်းရတာမျိုးဖြစ်ပါတယ်။ ဥပမာပေးရရင် အမေရိကန်နိုင်ငံဟာ အင်အားရှိတယ်ဆိုတိုင်း ကမ္ဘာ့စစ်ထဲကို ဝင်မပါခဲ့ပဲ သူများတွေ စစ်တိုက်နေချိန်မှာ သူ့နိုင်ငံချမ်းသာရေးကို ဦးတည်ပြီး ကမ္ဘာ့စက်ရုံကြီးအဖြစ် ပြောင်းလဲနိုင်ခဲ့တာ အမျိုးသားရေးကြောင့် ဖြစ်သလို ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီးနောက်ပိုင်းမှာ စစ်ထဲကို ဝင်ရောက်လာတယ်ဆိုတာလဲ သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာတဲ့အတွက် အမျိုးသားရေးအသိစိတ်နဲ့ တုန့်ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ အပြစ်မဲ့ ဂျပန်ပြည်သူပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့တာကတော့ ဝမ်းနည်းစရာကောင်းပေမယ့် အမေရိကန်နိုင်ငံအတွက်တော့ သူတို့အင်အားကို ကမ္ဘာကို ချပြပြီး ကမ္ဘာ့ပုလိပ်ကြီးအဖြစ် ပထမဦးဆုံးခြေလှမ်းကို စတင်ခဲ့တာဖြစ်ပါတယ်။
ဒါဆိုရင် ကမ္ဘာ့ဒီမိုကရေစီသက်တမ်းရင့်နိုင်ငံကြီးတစ်နိုင်ငံရဲ့ အမျိုးသားရေးနဲ့ အချုပ်အခြာအာဏာအတွက် လူ့အသက်ပေါင်းများစွာကို အချိန်အတိုဆုံး သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုကြီးတစ်ခု ဆိုရင်လဲ မှားမယ်မထင်ပါဘူး။ ဘယ်စစ်ပွဲမှာဖြစ်ဖြစ် စစ်စည်းကမ်းဥပဒေတွေမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ ကျင့်ဝတ်က နိုင်ငံတိုင်း စစ်တပ်တိုင်းမှာရှိပါတယ် ဒါကိုတော့ အမေရိကန်နိုင်ငံက ချိုးဖောက်ခဲ့ပါတယ်။
ထပ်ပြီးတော့ စည်းလုံးညီညွှတ်မှုနည်းပါးပြီးတော့ အမျိုးသားရေး စရိုက်လက္ခဏာမရှိရင် မူလအမေရိကန်မှာ နေထိုင်ခဲ့တဲ့လူတွေလိုပဲ လူမျိုးတုန်းတဲ့အထိ ပျောက်ပျက်သွားနိုင်တယ်ဆိုတာကိုလည်း အမေရိကန်ကပဲ သက်သေပြနေပြန်ပါတယ်။
မြန်မာနိုင်ငံကလဲ အမေရိကန်နိုင်ငံနည်းတူ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ မတူညီတဲ့အချက်ကတော့ အမေရိကန်ကို ဝင်ရောက်လာတဲ့ ဥရောပသားတွေဟာ ဒေသခံတိုင်းရင်းသားတွေကို တန်းတူရည်တူအခွင့်အရေးမပေးခဲ့တဲ့အတွက် မူလအမေရိကန်မျိုးနွယ်စုတွေဟာ တဖြေးဖြေးနဲ့ အမေရိကန်မှာ နည်းပါးပျောက်ကွယ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကလူမျိုးကြီး (၈)မျိုးဖြစ်တဲ့ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းတွေဟာ အခုအချိန်ထိ မိခင်မြေမှာ ရှင်သန်နေထိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်မနိုင်ငံရေး ပဋိပက္ခတွေကြောင့် ဒါမှမဟုတ် တိုင်းရင်းသားတွေထဲကမှ နိုင်ငံရေးအတွက် လက်နက်စွဲကိုင်နေကြသူတွေကြောင့်ကလွဲရင် အင်မတန်မှ အေးချမ်းသာယာလွန်းပါတယ်။
အမျိုးသားရေးအသိစိတ်ဆိုတာ ကိုလိုနီနယ်ချဲ့ခံခဲ့ရတဲ့ နိုင်ငံတွေကသာ ပိုပြီးသိ ပိုပြီးနိုးကြားတက်ကြွကြပါတယ်။ ဒီလို နိုးကြားတက်ကြွတဲ့ အမျိုးသားရေးစိတ်ခံရှိသူတွေကို နယ်ချဲ့ကျွန်ပြုတဲ့သူတွေက သူပုန်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် လွတ်လပ်ရေးကြိုးပမ်းခဲ့ကြတဲ့ မျိုးချစ်သူရဲကောင်းတွေဟာ နယ်ချဲ့ အင်္ဂလိပ်နဲ့ ဂျပန်အတွက်တော့ သူပုန်ဖြစ်ခဲ့ပါတယ်။
ကိုလိုနီကျွန်ပြုခံရတဲ့ မြန်မာနိုင်ငံဟာ ရှိသမျှ သယံဇာတတွေ ဂုတ်သွေးစုတ်ခံခဲ့ရရုံတင် မလုံလောက်သေးပဲ စစ်လျော်ကြေးအနေနဲ့ မြန်မာနိုင်ငံကို ပြန်တောင်းတဲ့အတွက် လွတ်လပ်ရေးကို သွေးနဲ့ချွေးနဲ့ရင်းနှီးပြီး တိုက်ရုံတင်မဟုတ်သေးပဲ စစ်ပြေငြိမ်းရေး စာချုပ်အဆင့်ဆင့်နဲ့ ရွှေတွေ ငွေတွေပေးပြီးတော့ လွတ်လပ်ရေးကို ဝယ်ယူခဲ့ရပါတယ်။
မြန်မာ့ခေါင်းဆောင်တွေဟာ လွတ်လပ်ရေးကို အစစ်လို့ မယူဆခဲ့ကြဘူး မြန်မာနိုင်ငံက လူတိုင်းရဲ့ နှုတ်ဖျားမှာ ကျန်ခဲ့တဲ့ စကားကတော့ “ရွှေရည်စိမ် လွတ်လပ်ရေး”ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။
အင်္ဂလိပ်လက်က လွတ်လပ်ရေးရခဲ့ပေမယ့် တောင်တန်းပြည်မသွေးခွဲခဲ့တာကြောင့် လွတ်လပ်ရေးရပြီး တစ်လမပြည့်ခင်မှာပဲ မြန်မာနိုင်ငံအနေနဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို စပြီး ရင်ဆိုင်ခဲ့ကြရပါတယ်။
ဒီနေ့ခေတ်ကမ္ဘာမှာ ပြောင်ကျကျ စစ်တိုက်ကျူးကျော်ပြီး ကိုလိုနီပြုတဲ့ခေတ် ကုန်ဆုံးခဲ့ပေမယ့် နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးတွေကနေတစ်ဆင့် သွယ်ဝိုက်ပြီး ကိုလိုနီပြုဖို့ ကျားချောင်းချောင်းနေတဲ့ နိုင်ငံကြီးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဦးတည်ပစ်မှတ်ထားကြပါတယ်။
အမျိုးသားရေးဓာတ်ခံနည်းသူတွေဟာ စကားတစ်ခွန်းမှာတင်လမ်းဆုံးတတ်ကြပြီး အင်အားရှိတဲ့ နိုင်ငံတွေနဲ့ အဲ့ဒီနိုင်ငံတွေရဲ့ ကြိုးဆွဲရာကိုကနေတဲ့ ဩဇာခံနိုင်ငံရေးသမားတွေရဲ့စကားတွေကိုနားယောင်သွားတတ်ကြပါတယ်။
ဒါက ရုပ်သေးအစိုးရ ရုပ်သေးပြည်သူဘဝကို ရောက်သွားရင်တော့ စုံလုံးကန်းနေနိုင်ပေမယ့် စစ်မှန်တဲ့အမျိုးသားရေး စိတ်ဓာတ်ရှိသူတွေက ကာကွယ်ထိန်းသိမ်းရမယ့်တာဝန်ရှိပါတယ်။
ဒီနေရာမှာ စစ်မှန်တဲ့ အမျိုးသားရေးလို့ ရေးရတာဟာ ဘယ်ဝါဒကိုမဆို အမည်ခံ လိုက်လုပ်ပြီး လမ်းလွဲရောက်မှာစိုးတာကြောင့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပန်းခင်းကြီးတစ်ခင်းဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ (၁၃၅)မျိုးသော တိုင်းရင်းသားတွေဟာ ရောင်စုံပြီးလှပတင့်တယ်တဲ့ပန်းတွေဖြစ်ပါတယ်။ ဘယ်ပန်းက အဆင်းပိုလှတယ် ဘယ်ပန်းက ရနံ့ပိုသင်းတယ်ဆိုပြီး ထူးထွေပြီး ဝံ့ကြွားနေလို့မရပါဘူး။
ငါတို့က မြင့်မြတ်တယ် ဘာလူမျိုးကွ မင်းတို့ လူမျိုးက ဘယ်လောက်ကောင်းခဲ့/ဆိုးခဲ့တယ်ဆိုတာတွေက မျက်ကန်းမျိုးချစ်အဆင့်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ သမိုင်းအရ ယဉ်ကျေးမှုအရ ဖြစ်တည်လာတဲ့ အရောင်အသွေးစုံလွန်းလှတဲ့ ပန်းခင်းကြီးဟာ ခြံရံလှပနေပြီးသားဖြစ်ပါတယ်။ ပန်းခင်ကြီးရဲ့အလှအပဟာ စည်းလုံးညီညွှတ်မှုကို ကိုယ်စားပြုပြီး တနည်းအားဖြင့်ပြောရရင် အမျိုးသားရေးစိတ်ဓာတ်ဖြစ်ပါတယ်။ ဒီပန်းခန်းကြီးက တစ်ပင်ထဲခွဲထုတ်ခြင်းခံရတဲ့ ပန်းပွင့်လေးဟာလဲ ရေရှည်မရှင်သန်နိုင်သလို ဒီပန်းခင်းကြီးထဲမှာ အလေ့ကျပေါက်ပင်တွေနဲ့ မြက်ရိုင်းတွေ ပေါက်ရောက်လာရင်လဲ ဒီပန်းခင်းကြီး ရေရှည် လှပနိုင်ဖို့မလွယ်ကူတော့ပဲ ပျောက်ပျက်သွားနိုင်ပါတယ်။
နောက်တစ်ချက်က အမျိုးသားရေးဝါဒဆိုတာ စနစ်တစ်ခုမဟုတ်တဲ့အတွက် ဝါဒတစ်ခုတည်းနဲ့ နိုင်ငံတစ်နိုင်ငံလုံးတည်ဆောက်လို့မရပါဘူး။ ပထဝီနိုင်ငံရေး၊ စီးပွားရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ချိန်ဆပြီး ကိုက်ညီတဲ့ နိုင်ငံရေးစနစ်တစ်ခုကို အခြေခံပြီး အမျိုးသားရေးစိတ်ဓာတ်နဲ့ နိုင်ငံတည်ဆောက်ရမှာဖြစ်ပါတယ်။ ရေခံမြေခံသင့်လို့ တိုင်းသူပြည်သားတွေ ညီညာရင် ပြည်သာမှာဖြစ်ပါတယ်။ လွတ်လပ်ရေးရခါစမှာ ဗိုလ်ချုပ်အောင်ဆန်းက ယိုးဒယားဟာ လွတ်လပ်နေပေမယ့် ခပ်ညံ့ညံ့လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံလို့ဆိုပါတယ် အဲဒီခပ်ညံ့ညံ့လွတ်လပ်တဲ့ နိုင်ငံတောင်မှ ရေတပ် လေတပ် စစ်တပ်နဲ့ ဖြစ်နေပြီး မြန်မာနိုင်ငံမှာတော့ သူ့ကျွန်ဘဝရောက်ခဲ့ရတဲ့အတွက် သူများတွေနဲ့ တန်းတူရည်တူမရှိနိုင်ပါဘူး။ ဗိုလ်ချုပ်ရဲ့ မျိုးချစ်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့တဲ့ အချုပ်အခြာအာဏာကို ထိမ်းသိမ်းနိုင်မယ့် ခြံစည်းရိုးကာရံလိုခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အမျှော်အမြင်ကြီးမားတဲ့ တပ်မတော်ခေါင်းဆောင်အချို့ရဲ့ တည်ဆောက်မှုကြောင့် ဗိုလ်ချုပ်ကာရံလိုတဲ့ ခြံစည်းရိုးထက်ပိုမိုခိုင်မာတဲ့ တံတိုင်းကြီး ကာရံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်အားကြီးနိုင်ငံတွေကြားမှာ ရပ်တည်နေရတဲ့ မြန်မာနိုင်ငံဟာ တံတိုင်းအပြင်က မွှေးတဲ့မီးတွေကြောင့် ပြည်တွင်းမှာ သောကမီးတောက်ရသလို ပုဆိန်ရိုးတွေကြောင့်လဲ အကြိမ်ကြိမ်အခါခါ နွံနစ်ခဲ့ရပါတယ်။
ဒီနေရာမှာ အလျင်းသင့်လို့ တင်ပြရရင် ဒီမိုကရေစီစနစ်မကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေအကြောင်း ထည့်သွင်းဖော်ပြပါရစေ။ တစ်ရက် စာရေးသူ ဆရာသမားတစ်ဦးနဲ့ စကားလက်ဆုံကျနေချိန် ဆရာက သူ ဩစတေးလျနိုင်ငံမှာ ပညာသင် သွားရောက်ခဲ့စဉ်က ဗီယက်နမ်နိုင်ငံသား ပညာတော်သင် ကျောင်းသားတွေဟာ အင်မတန်စာကြိုးစားကြတယ်လို့ဆိုပါတယ်။ စာကို ကြိုးကြိုးစားစားသင်ယူရခြင်းက သူတို့နိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံလေးဖြစ်ပြီး သူတို့ကို နိုင်ငံခြားပညာသင်လွှတ်ရခြင်းဟာ ပြည်ပမှာ တတ်မြောက်လာတဲ့ ပညာရပ်တွေကို နိုင်ငံတည်ဆောက်ရေးမှာ ပြန်လည်တည်ဆောက်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံသား ပညာတော်သင် အများစုဟာ တိုင်းတစ်ပါးမှာ ပညာတွေတတ်မြောက်ပြီး အဲ့ဒီနိုင်ငံမှာ လစာကောင်းကောင်းရပြီး နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုရင်တော့ သူတို့ နိုင်ငံကိုပဲ ပြန်တတ်ကြပါတယ်။ စာရေးသူရဲ့ ဆရာသမားက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို ပြောပြနေတာပါ။ နိုင်ငံကိုချစ်တဲ့ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒီကနေ့ အာဆီယံမှာ လာအို ကမ္ဘောဒီးယား မြန်မာ ဖိလစ်ပိုင်တို့ကို လျင်လျင်မြန်မြန်နဲ့ ကျော်တက်လာခဲ့ပါတယ်။ အမျိုးသားရေးဝါဒ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဆိုတာ အရည်အသွေးကောင်းတဲ့ မျိုးစေ့တစ်စေ့လိုပဲ မြေဆီမြေနှစ်ကောင်းမွန်တဲ့နေရာနဲ့တူတဲ့ ဘယ်လိုစည်းကမ်းပြည့်ဝတဲ့ နိုင်ငံရေးစနစ်မှာမဆို အောင်မြင်ဖြစ်ထွန်းနေမှာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေဟာ သူတို့နိုင်ငံတွေရဲ့ ဩဇာခံဖြစ်ဖို့အရေး အမျိုးသားရေးဝါဒကို ဒီမိုကရေစီရဲ့ ရန်ဘက်သဖွယ် အပုတ်ချ ဝါဒဖြန့်ခဲ့ကြပြီး လမ်းမှားကို တွန်းပို့ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ နိုင်ငံတွေ ချမ်းသာလာဖို့ သူတို့နိုင်ငံတွေ ဩဇာကြီးမားလာဖို့အတွက် နိုင်ငံတကာကို ချယ်လှယ်လွှမ်းမိုးချင်ကြပါတယ်။ ကမ္ဘာကြီးရဲ့ လူဦးရေတစ်ဝက်လောက် မှီတင်းနေထိုင်တဲ့ အာရှနိုင်ငံတွေဟာ နိုင်ငံရေး အယူအဆပေါင်းစုံနဲ့ ရပ်တည်နေကြပေမယ့် အနောက်နိုင်ငံတွေလောက် စစ်မီးမမွှေး ခဲ့သလို ဒီနိုင်ငံတွေကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးမှုနှုန်းက အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင် အဆမတန် ကွာခြားပါတယ်။ ဒါကြောင့် နိုင်ငံရေးစနစ်ပေါင်းစုံကြားထဲကမှ စစ်မှန်တဲ့ အမျိုးသားရေးဝါဒဟာ ကမ္ဘာကြီးကို အဆိပ်မသင့်စေခဲ့ဘူးဆိုတာ သက်သေပြနေပါတယ်။ အနောက်နိုင်ငံတွေဟာ ကိုယ့်နိုင်ငံအတွက် ကိုယ့်လုပ်ဆောင်ချက်မှန်ကန်တယ်လို့ ယူဆနေပေမယ့် နိုင်ငံငယ်လေးတွေအတွက်ကတော့ ကိုယ်ကျိုးရှာ ကျူးကျော်ဖိနှိပ်မှုကို ခံရတာပါဘဲ။ ဒါကို အမျိုးသားရေး အသိရှိလို့ ထောက်ပြဆန့်ကျင်တဲ့သူတွေကို ရှေ့ရိုးစွဲ နိုင်ငံရေး နိုင်ငံရေးအယူရှိတဲ့သူတွေဟာ ဒီမိုကရေစီစနစ်ရဲ့ ရန်ဘက်လိုလို ဖိနှိပ်ဆက်ဆံတာကို ခံရတက်ပါတယ်။
မြန်မာနိုင်ငံအတွက်တော့ အမျိုးသားရေးဟာ နိုင်ငံရဲ့ အသက်တစ်မျှ အရေးပါ အရာရောက်ခဲ့ပြီး အမျိုးသားရေးဝါဒကို လက်ကိုင်ထား ကြိုးပမ်းခဲ့ကြတဲ့အတွက် လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းဟာ စစ်မှန်တဲ့အမျိုးသားရေးစိတ်ဓာတ်ရှိဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ခေါင်းဆောင်တစ်ယောက် အဖွဲ့အစည်းတစ်ခုအပေါ်မှာ မှီတည်နေတာမဟုတ်ပါဘူး။ အီတလီစာရေးဆရာ မက်ဇီနီ(Giuseppe Mazzini)က “လူသားဟူသမျှသည် နိုင်ငံတော် တစ်ရပ်ရပ်ကို ကိုယ်စားပြုထားမှ လူဖြစ်ရကျိုးနပ်မှာ ဖြစ်ပြီး တစ်ဦးခြင်း လွတ်မြောက်မှုကို အဓိကထားတဲ့ မူဝါဒထက် တစ်နိုင်ငံလုံး လွတ်မြောက်မှုရရေးက ပိုအရေးကြီးပါတယ် ပညာရေးမှာလည်း တစ်ဦးပုဂ္ဂလကို ဦးတည်တဲ့ အတွေးအခေါ်တွေကို ဖုံးလွှမ်းသွားဖို့အတွက် အမျိုးသားရေးဝါဒအသိတွေ ထည့်ပေးထားရမယ်”လို့ဆိုပါတယ်။
အနှစ်ချုပ်ရရင် စစ်မှန်မြင့်မြတ်ပြီး တန်ဖိုးကြီးမားတဲ့ အမျိုးသားရေးအသိစိတ်ဆိုတာ နိုင်ငံတော်အဆင့် အမြင့်ဆုံး နိုင်ငံရေးတွေ လုပ်နေမှ အမျိုးသားရေးဝါဒသမားလို့ မဆိုလိုပါဘူး။ ကိုယ်သွားတဲ့ လမ်းမှာ အမှိုက်တစ်စကို အမှိုက်ပုံးထဲ ကောက်ထည့်လိုက်တာကအစ ကိုယ့်နိုင်ငံရေးထက် နိုင်ငံတကာကိုအထင်ကြီးပြီး နိုင်ငံခြားဩဇာခံတွေကို အားမပေးတဲ့အထိ လုပ်ဆောင်နိုင်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် နိုင်ငံတော်ဆီက ကိုယ်သင်ယူထားတဲ့ ပညာတွေနဲ့ ပြန်ပြီး အကျိုးပြုတာတွေပါလုပ်ဆောင်လို့ရပါတယ်။
အမျိုးသားရေးအသိစိတ်နဲ့ နိုင်ငံတော်ကို အလုပ်အကျွေးပြုမယ် အမျိုးသားရေးအသိစိတ်နဲ့ နိုင်ငံတော်ကို အခွန်ဆောင်မယ် အမျိုးသားရေး အသိအစိတ်နဲ့ လာဘ်ပေးလာဘ်ယူမလုပ်ဘူး အမျိုးသားရေးအသိစိတ်နဲ့ နိုင်ငံကို ကာကွယ်မယ် အမျိုးသားရေးစိတ်ဓာတ်နဲ့ နိုင်ငံကိုကာကွယ်ကြမယ်ဆိုရင် ဒီနိုင်ငံရဲ့ အမျိုးသားရေး စိတ်ဓာတ်ဟာအင်မတန် တန်ဖိုးကြီးတဲ့ မျိုးချစ်စိတ်တစ်ခု ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
အချိုပေါ်သကာဆင့်ဆိုသလို တိုင်းရင်သားပေါင်းစုံနဲ့ စုစည်းထားတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကြီးမှာ နိုင်ငံသားတစ်ဦးနဲ့ တစ်ဦးကြားမှ အမျိုးသားရေး အသိစိတ်နဲ့ အပြန်အလှန် လေစားချစ်ခင်မှုကို လက်ကိုင်ထားပြီး နိုင်ငံတော်ကို အတူတကွ တည်ဆောက်ကြမယ်ဆိုရင် ဘယ်တိုင်းတစ်ပါးကမှ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေမှာ ဝင်စွက်ဖက်ရဲတော့မှာမဟုတ်ပဲ ကြီးကျယ်မြင့်မြတ်တဲ့ အမျိုးသားရေးစရိုက်လက္ခဏာကို ပြသနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။
#AungMoeKyaw #အောင်မိုးကျော်